Tuesday, June 10, 2008

လူရွှင်တော်ဇာဂနာဖမ်းဆီးမှု ကုလသမဂ္ဂစိုးရိမ

မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်က လူရွင်တော် ဇာဂနာကို အကြောင်းပြချက် မပေးဘဲ စစ်အစိုးရကထိန်းသိမ်းဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေလေ့လာရေးကောင်စီ၏ အထူးကိုယ်စားလှယ်သစ် မစ္စတာ Tomas Ojea Quintana က “အခုချိန်အထိ သူ့ကိုဘယ်မှာ ဖမ်းထားတယ် ဆိုတာ မသိရသေးတာကြောင့် ကျနော်အနေနဲ့ အလွန်စိုးရိမ်ပါတယ်” ဟု သတင်းဌာနများကို ပြောသည်။

ကိုဇာဂနာအား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ဖမ်းထားသည်ကို စစ်အစိုးရက ရှင်းပြပေးရန် ၎င်းက တောင်းဆိုထားသည်။

မစ္စတာ Tomas Ojea Quintana သည် မစ္စတာပီညဲရိုး၏တာဝန်ကို လွှဲပြောင်းယူအပြီး ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေကို လေ့လာစုံစမ်းရန် စာမျက်နှာ ၁၆မျက်နှာ ပါသည့် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည်။

၎င်းအစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်း သားများကို ပြန်လွှတ်ပေးရန် အစရှိသည့်အချက်များကို တောင်းဆိုထားသော်လည်း လူရွှင်တော်ဇာဂနာအဖမ်းခံရသည့် အကြောင်းအရာ မပါဝင်ခဲ့ကြောင်း အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ကိုဇာဂနာ၏ မိသားစုဝင်တဦးက “အခုချိန်ထိဘာအကြောင်းမှမသိရသေးဘူး။ ဖမ်းတုန်းကလည်း ဘာကြောင့်ဖမ်းတယ် ဆိုတာ ပြောမသွားဘူး” ဟု ဧရာဝတီကို ပြောသည်။

အာဏာပိုင်များက ကိုဇာဂနာ၏ မိသားစုဝင်များကို ပြည်ပမီဒီယာများနှင့် အင်တာဗျူးမလုပ်ရန်၊ ပြုလုပ်ပါက ဖမ်းဆီးနိုင် ကြောင်း ခြိမ်းခြောက်ပြောဆိုကြောင်းလည်း သိရသည်။

သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုများကြောင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကိုဇာဂနာ၏ မိဘများနေအိမ်ရှိ တယ်လီဖုန်းလိုင်းကိုလည်း ယမန်နေ့ကစ၍ အာဏာပိုင်တို့က ဖြတ်တောက်ထားကြောင်း သိရသည်။

လူရွှင်တော် ဇာဂနာကို ယခုလ ၄ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် လေဘေးကယ်ဆယ်ရေးလုပ်ငန်း မှတ်တမ်း ဗီစီဒီဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။

ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူ ဖြစ်သည်။ မုန်တိုင်းတိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေးပြက်လုံးများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လူရွှင်တော် ဇာဂနာသည် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ကြိမ်ဖန် များစွာခံခဲ့ရသည့်အပြင် အနုပညာလုပ်ငန်းများလုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၆ ခုနှစ် မေလကတည်းက အကန့်အသတ်မရှိ အပိတ်ခံထားရသူ ဖြစ်သည်။
မှတ်ချက်။ ။ ဧရာဝတီ

Photobucket

No comments:

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ